wwww

တအ၃အ၆

လေးဖက်မြင်တယ်လီဗေးရှင်းဓာတ်မှန်



အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်သောကာလကို ပထမသုံးလ၊ ဒုတိယသုံးလ၊ တတိယသုံးလ ဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားထားပါသည်။

ပထမသုံးလ

မမျိုးဥနှင့် သုတ်ကောင်တွေ့ဆုံပြီး သန္ဓေအောင်သည့် အချိန်မှစတင်၍ ၁၂ ပတ်ကြာသောကာလကို ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလဟု ပိုင်းခြားထားပါသည်။ ပထမသုံးလအတွင်း၌ သန္ဓေအောင်သော မမျိုးဥသည် သန္ဓေသားလောင်းအဖြစ်မှတစ်ဆင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ စုံလင်သော သန္ဓေသားအဖြစ်သို့ ကူးပြောင်းရောက်ရှိပါသည်။ ကိုယ်ဝန်ဆောင်ချိန် ၅ ပတ်သို့ ရောက်သောအခါ သန္ဓေသားလောင်း၏အရွယ် သည် တစ်လက်မ၏ ၁၆ ပုံတစ်ပုံမှ ၈ ပုံတစ်ပုံ (၁.၆ မီလီမီတာမှ ၃.၂ မီလီမီတာ) အတွင်း ရှိပါသည်။ ၆ ပတ်အရွယ်တွင် မျက်နှာသွင်ပြင် လက္ခဏာများ စတင်ပေါ်ပေါက်လာပြီး လက်နှင့်ခြေထောက်များ စတင်ဖွံ့ဖြိုး လာပါသည်။ ထို အချိန်တွင် သန္ဓေသားလောင်း၏အရွယ်သည် တစ်လက်မ၏ ၆ ပုံ တစ်ပုံမှ ၄ ပုံ တစ်ပုံ (၄.၂ မီလီမီတာမှ ၆.၃ မီလီမီတာ) အတွင်းရှိပါသည်။ ၇ ပတ်အရွယ်တွင် ဦးနှောက်၊ မျက်နှာနှင့် ခြေလက်များ သည် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးကြီးထွားလာပါသည်။ ကိုယ်ဝန်ဆောင်ချိန် ၈ ပတ်သို့ရောက်သောအခါ သန္ဓေသားလောင်းသည် လှုပ်ရှားမှုစတင်လာ ပြီး ၈ ပတ်မှ ၁၁ ပတ်အတွင်း ခြေချောင်းလက်ချောင်းများ၊ လည်ပင်းနှင့် မျိုးပွားအင်္ဂါများ ဖွံ့ဖြိုးလာပါသည်။ အမေရိကန်ကိုယ်ဝန်ဆောင်အသင်း (American Pregnancy Association) ၏အဆိုအရ ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလပြည့်သောအခါ သန္ဓေသား၏အရွယ်သည် ၃ လက်မ (၇၆ မီလီမီတာ) ခန့်ရှိပြီး အလေးချိန်အားဖြင့် ၁ အောင်စ (၂၈ ဂရမ်) ခန့် ရှိသည်ဟု ဆိုပါသည်။ ကိုယ်ဝန်ဆောင်ကာလသည် ဒုတိယသုံးလအတွင်းသို့ ၀င်ရောက်သည်နှင့် တစ်ပြိုင်နက် ကိုယ်ဝန်ပျက်ကျနိုင်သည့် အခွင့်အရေးနှင့် ကိုယ်လက်အင်္ဂါမစုံလင်သော ကလေးဖြစ်ရန် အခွင့်အရေးများ တဖြည်းဖြည်း လျော့နည်းသွားပါသည်။

ဒုတိယသုံးလ

ကိုယ်ဝန်ဆောင်ကာလ ၁၃ ပတ်မှ ၂၆ ပတ်အထိ ကာလကို ကိုယ်ဝန်ဆောင်ချိန် ဒုတိယသုံးလဟု သတ်မှတ်ပါသည်။ ဒုတိယသုံးလတာ ကာလအတွင်းတွင် အမျိုးသမီးအများစုသည် ကိုယ်အလေးချိန် စတင်တိုးလာပြီး မနက်ပိုင်းတွင် ပျို့အန်တတ်သော လက္ခဏာများ (Morning Sickness) တဖြည်းဖြည်း ပျောက်ကွယ်သွားပါသည်။ သန္ဓေသားလောင်းဖွံ့ဖြိုးနေစဉ်အတွင်း မိခင်၏သားအိမ်သည် နဂိုမူလအရွယ်၏ အဆ ၂၀ ခန့်အထိ ကြီးထွားနိုင်ပါသည်။ ဒုတိယသုံးလအတွင်း မိခင်ဖြစ်သူသည် သန္ဓေသား၏လှုပ်ရှားမှုကို စတင်ခံစားသိရှိနိုင်ပြီး ၄င်းကို ကလေးလှုပ်သည်ဟု ပြောဆိုကြပါသည်။ ကလေးလှုပ်ခြင်းကို ကိုယ်ဝန်ဆောင်ချိန် ၂၀ ပတ်နှင့် ၂၁ ပတ်အတွင်း စတင်သိရှိတတ်ပြီး ကလေး မွေးဖူးသော မိခင်များသည် ထိုအချိန်ထက်စော၍ ၁၉ ပတ် အရွယ်တွင် စတင်သိရှိနိုင်ပါသည်။ သို့သော်လည်း ၂၁ ပတ်ထက် နောက်ကျပြီးမှ ကလေးလှုပ်ခြင်းကို သိရှိသောမိခင်များလည်းရှိပြီး နောက်ကျမှသိရှိခြင်းသည် ထူးခြားသောအခြေအနေမဟုတ်ပါ။ ဒုတိယသုံးလပတ်အတွင်း သန္ဓေသားလောင်း၏ မျိုးပွားအင်္ဂါသည် ယောင်္ကျား၊ မိန်းမခွဲခြားနိုင်ပြီ ဖြစ်ပါသည်။ ဒုတိယသုံးလပတ်ကာလသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဗိုက်ဖုံးအင်္ကျီ ၀တ်ဆင်သောကာလ ဖြစ်ပါသည်။

တတိယသုံးလ

ကိုယ်ဝန်ဆောင်ကာလ ၂၆ ပတ်မှ ၄၀ ပတ်အထိကာလကို ကိုယ်ဝန်ဆောင်ချိန် တတိယသုံးလဟု သတ်မှတ်ပါသည်။ တတိယသုံးလတာ ကာလအတွင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ကိုယ်အလေးချိန် တိုးမှုမှာ အလွန်မြန်ဆန်ပါသည်။ သန္ဓေသားသည်လည်း အလွန်လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၂၈ ဂရမ်ခန့်အထိ ကိုယ်အလေးချိန် တိုးလာပါသည်။ သန္ဓေသား၏ လှုပ်ရှားမှုများသည် သိသိသာသာ ပြင်းထန်လာပြီး မိခင်ဖြစ်သူသည် ကလေးတိုးခြင်းကို မကြာခဏ သိရှိခံစားလာရပါသည်။ မိခင်ဖြစ်သူသည် နေထိုင်သွားလာ လှုပ်ရှားမှုများတွင် သက်တောင့်သက်သာ မရှိတော့ဘဲ မကြာခဏ ဆီးသွားခြင်း၊ ခါးကိုက်ခြင်းတို့ကို ခံစားလာရပါသည်။ သန္ဓေသားသည် မွေးဖွားမည့်အနေအထားသို့ ပြင်ဆင်လာပြီး အများအားဖြင့် ဦးခေါင်းပိုင်းသည် အောက်သို့စိုက်လျက် မိခင်၏ဆီးခုံဘက်သို့ ဦးတည်လာပါသည်။ ကလေးကြီးထွားလာခြင်း၊ ရေမွှာရေများလာခြင်းတို့ကြောင့် မိခင်၏၀မ်းဗိုက်သည် တဖြည်းဖြည်းကြီးလာကာ ကိုယ်ဝန်ဆောင်ချိန် ၃၈ ပတ်ခန့်တွင် ရင်ညွန့်ကိုထောက်နေသကဲ့သို့ ခံစားလာရပါသည်။ ၃၈ ပတ်ကျော်သွားသောအခါ ရေမွှာရေ အနည်းငယ် လျော့သွားပြီး ရင်ခေါင်းကို ၀မ်းဗိုက်ထောက်နေမှု အနည်းငယ် သက်သာသွားပါသည်။ ၄င်းအဖြစ်အပျက်ကို ရင်ခေါင်းဆောင့်သည်ဟု ခေါ်ပါသည်။ အချို့သော အမျိုးသမီးများသည် ရင်ခေါင်းဆောင့်ခြင်းကို သတိမပြုမိခြင်းမျိုး ရှိနိုင်ပါသည်။ ရင်ခေါင်းဆောင့်ခြင်းကို သိရှိပါက ကိုယ်ဝန်ဆောင်ကာလ တွက်ချက်ခြင်းနှင့် မွေးဖွားချိန်ခန့်မှန်းခြင်းတို့တွင် အထောက်အကူ ဖြစ်စေပါသည်။

ကိုယ်ဝန်ရှိနေသောမိခင်လောင်းသည် မမွေးဖွားမီ အနည်းဆုံးတစ်ကြိမ် တယ်လီဗေးရှင်းဓာတ်မှန် ရိုက်သင့်ပါသည်။ လေ့လာတွေ့ရှိချက်များအရ ကိုယ်ဝန်ရှိသူများ၏ ၆၅% သာလျှင် တယ်လီဗေးရှင်းဓာတ်မှန်ဖြင့် စစ်ဆေးကြသည်ကို တွေ့ရပါသည်။

တယ်လီဗေးရှင်းဓာတ်မှန်ဟု မြန်မာလို အလွယ်ခေါ်ဝေါ်နေကြသည့် Ultrasound မှာ အသံလှိုင်းကို အသုံးပြု၍ မိခင်၏သားအိမ်ထဲရှိ သန္ဓေသား၏ပုံရိပ်ကို ဖော်ပြသောဆေးလောကအတွက် အကျိုးရှိသည့် နည်းပညာတစ်ခု ဖြစ်ပါသည်။ ပုံရိပ်ဖော်ရာတွင် ဓာတ်မှန် (X-Ray) ကဲ့သို့ ဓာတ်ရောင်ခြည်ကိုမသုံးဘဲ အသံလှိုင်းကို အသုံးပြုခြင်းဖြင့် ကိုယ်ဝန်ဆောင်မိခင်အတွက် သာမက သန္ဓေသားအတွက်ပါ လုံခြုံစိတ်ချ ရပါသည်။ ကိုယ်ဝန်ဆောင်မိခင်များအား Ultrasound ရိုက်ရသည့် အဓိကရည်ရွယ်ချက်မှာ သန္ဓေသား၏ ကျန်းမာရေးနှင့် အနေအထား မှန်/မမှန် စသည်တို့ကို သိရှိနိုင်ရန်နှင့် မိခင်၏ သားအိမ်ကျန်းမာရေး အခြေအနေကိုပါ သိရှိနိုင်ရန်ဖြစ်ပါသည်။ ထို့အတူ ဆရာဝန်အတွက်လည်း မိခင်လောင်းနှင့် ရင်သွေးငယ် နှစ်ဦးလုံးအတွက် အကျိုးရှိစေရန် အစီအစဉ်များ ချမှတ်ရာတွင်လည်းကောင်း၊ မည်သို့မည်ပုံ မွေးဖွားရမည်ကို ဆုံးဖြတ်ရာတွင်လည်းကောင်း အဖိုးတန်သတင်းအချက်အလက်များ ပေးနိုင်ပါသည်။

Ultrasound အမျိုးအစား ၇ မျိုး ရှိပါသည်။ ၄င်းတို့မှာ -

1. Transvaginal Scan -
မိခင်၏ယောနိအ၀မှတစ်ဆင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း။ ဤနည်းကို ကိုယ်ဝန်သက်စဉ်တွင် အသုံးပြုနိုင်သည်။

2. Standard Ultrasound -
2D Ultrasound ဟုလည်းခေါ်သည်။

3. Advanced Ultrasound -
Standard Ultrasound နှင့် အလွန်ဆင်တူပြီး ပိုမိုပြည့်စုံ သော ကိရိယာများပါဝင်သည်။

4. Doppler Ultrasound -
အချို့သောကိုယ်ဝန်များတွင် သားအိမ်တွင်း သွေးလည်ပတ် မှုကိုပါ သိရှိနိုင်ရန်သုံးသည်။

5. 3D Ultrasound -
ကြီးပြင်းလာသော ရင်သွေးငယ်လေး၏ ရုပ်လုံးရုပ်ကြွပုံကို နည်းပညာသစ် ဖြစ်သော သုံးဖက်မြင်ပုံဖြင့် ပုံဖော်ပေးနိုင်သည်။

6. 4D or Dynamic 3D Ultrasound -
အထူးဒီဇိုင်းဆွဲထားသော ပုံရိပ်ဖော်စက်ကို အသုံးပြုကာ ရင်သွေးငယ်လေး၏ မျက်နှာကိုသာမက လှုပ်ရှားမှုပုံရိပ်များကိုပါ မမွေးဖွားမီကတည်းက ရုပ်ရှင်ကြည့်နေသကဲ့သို့ ကြိုတင်ကြည့်ရှုနိုင်သည်။

7. Foetal Echocardiology -
ကလေး၏ နှလုံးအနေအထားနှင့် လုပ်ဆောင်မှုများ မှန်/မမှန် သိရှိနိုင်သည်။ မွေးရာပါနှလုံးရောဂါဟု သံသယရှိပါက ဤအမျိုးအစား Ultrasound ကို အသုံးပြုသည်။

Ultrasound ရိုက်သင့်သောအချိန်မှာ အတိအကျ သတ်မှတ်ထားခြင်း မရှိဘဲ ကိုယ်ဝန်၏အခြေအနေပေါ် မူတည်၍ ရိုက်ကြသည်။ အများအားဖြင့် ကိုယ်ဝန်သက် ၁၆ ပတ်မှ ၂၀ ပတ်အတွင်းတွင် ရိုက်ကြသည်။

Ultrasound အသုံးပြုကာ စမ်းသပ်ခြင်းကြောင့် အောက်ပါအချက်အလက်များ ကို သိရှိနိုင်သည်။

ပထမသုံးလ
* ကိုယ်ဝန်ရှိနေကြောင်းကို သေချာစွာ အတည်ပြုနိုင်သည်။ အများသိပြီးဖြစ်သည့် ကိုယ်ဝန်စစ်ဆေးသော ဆီးစစ်ပစ္စည်းမှာ အချို့သော မီးယပ်ရောဂါများတွင် ကိုယ်ဝန်နှင့်တူညီသော အဖြေထွက်နိုင်သောကြောင့် ဖြစ်သည်။

* ကလေးနှလုံးခုန်နေကြောင်းကို အတည်ပြုနိုင်သည်။

* ကလေး၏ ခေါင်းမှတင်ပါးအထိအရှည်ကို တိုင်းတာနိုင်ပြီး ထိုအရှည်မှတစ်ဆင့် သန္ဓေသား၏ အသက်ကို တွက်ချက်နိုင်သည်။

* ပုံမှန်ကိုယ်ဝန်သည် မိခင်၏သားအိမ်အတွင်း၌သာ ရှိနေရမည်ဖြစ်ပြီး Ultrasound ရိုက်ခြင်းဖြင့် နေရာလွဲ သန္ဓေသား (သို့မဟုတ်) စပျစ်သီးသန္ဓေအား စောစီးစွာ သိရှိနိုင်သည်။

ဒုတိယသုံးလ

* သန္ဓေသားတွင်ကိုယ်လက်အင်္ဂါစုံမစုံ၊ ချို့ယွင်းချက်ရှိမရှိတို့ကို တွေ့ရှိနိုင်သည်။

* ၁၃ ပတ်မှ ၁၄ ပတ်အတွင်းတွင် မြန်မာလို ဒေါင်းကလေးဟု အသိများသည့် Down’s Syndrome ကို စစ်ဆေးတွေ့ရှိနိုင်သည်။

* ၁၈ ပတ်မှ ၂၀ ပတ် အတွင်းတွင် မွေးရာပါရောဂါများ (ဥပမာ-မွေးရာပါနှလုံးရောဂါ) ရှိ/မရှိကို ကြည့်ရှုနိုင်သည်။

* အကယ်၍ ကြိုတင်စစ်ဆေးထားခြင်းမရှိပါက နှစ်မွှာပူး၊သုံးမွှာပူးတို့ကို သိရှိနိုင်သည်။

* ကိုယ်ဝန်သက်ကို ထပ်မံတွက်ချက်နိုင်သကဲ့သို့ ရင်သွေးငယ်၏ ကြီးထွားမှုနှုန်းကိုလည်း စစ်ဆေးနိုင်သည်။

* ကလေးကောင်းမွန်စွာ ရှင်သန်နိုင်ခြင်း ရှိ/မရှိနှင့် ကလေးအသေဖြစ်နေခြင်း (ကိုယ်ဝန်ပျက်ကျခြင်း) တို့ကို တွေ့နိုင်သည်။

* ရေမွှာရည် များလွန်းခြင်း၊ နည်းလွန်းခြင်းတို့ကိုလည်း တွေ့ရှိနိုင်သည်။

* ရင်သွေးငယ်၏ ယေဘုယျအခြေအနေကို ဆန်းစစ်နိုင်သည်။ (ဥပမာ-လှုပ်ရှားမှုနည်းလွန်းခြင်း၊ ပျော့တိပျော့ဖတ်ဖြစ်နေခြင်း)

တတိယသုံးလ

* အချင်း၏တည်နေရာကို ရှာဖွေကြည့်ရှုနိုင်သည်။

* လိုအပ်ပါက ကလေးအသေဖြစ်နေခြင်းကို အတည်ပြုနိုင်သည်။

* မွေးဖွားခါနီး သန္ဓေသား ၏အနေအထား မှန်/မမှန် စောင့်ကြည့်နိုင်သည်။

အခြားအရေးကြီးသောအချက်ဖြစ်သည့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွေးဆင်းရသည့် အကြောင်းရင်းမှန်ကို သိရှိစေရန် Ultrasound ဖြင့် ဖော်ထုတ်နိုင်သည်။ ထို့အပြင် Ultrasound အဖြေကိုကြည့်၍ အခြားသောစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် လို/မလို ဆုံးဖြတ်နိုင်သည်။

4D Ultrasound ပြုလုပ်နိုင်သော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အာရှတော်ဝင်- အမှတ်(၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်။ ဖုန်း - ၅၃၈၀၅၅

၂။ ပန်းလှိုင် - ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်။ ဖုန်း - ၆၈၄၃၂၃၊ ၀၉-၄၂၁၀၄၂၆၇၉

၃။ ပါရမီ - အမှတ်(၆၀/ဂျီ/၁)၊ ပါရမီလမ်း၊ ချော်တွင်းကုန်းမှတ်တိုင်အနီး၊ မရမ်းကုန်းမြို့နယ်။ ဖုန်း - ၆၅၇၂၂၇

၎။ OSC - အမှတ် (၁၃၇)၊ သုဓမ္မာလမ်း၊ ဘုန်းကြီးလမ်းမှတ်တိုင်၊ (၂)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။ ဖုန်း - ၆၅၃၂၀၇

၅။ နေဇာ - အမှတ် (၃၅၃/၃၅၅)၊ ရွှေဘုံသာလမ်း၊ အထက်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်။ ဖုန်း - ၃၈၈၀၈၃၊ ၃၈၃၇၄၄

ထို့အပြင် ...
၆။ စွမ်း -အမှတ် (၆၀)၊ ဘုန်းကြီးလမ်း၊ အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား၊ အလယ်ဘလောက်၊ လမ်းမတော်မြို့နယ်။ ဖုန်း - ၂၂၄၆၁၈
၇။ ရွှေနဒီ -အမှတ် (၃၃၃)၊ ရွှေဘုံသာလမ်း၊ အပေါ်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်။ ဖုန်း - ၃၈၆၈၅၁၊ ၃၇၆၁၅၆
၈။ ရွှေလမင်း - အမှတ် (၁၂၅၄)၊ သုဓမ္မာလမ်း၊ (၂)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။ ဖုန်း - ၆၅၆၂၀၃၊ ၀၉-၅၄၀၁၃၃၁
၉။ ၀ိတိုရိယ - အမှတ် (၆၈)၊ တော်ဝင်လမ်း၊ (၉)မိုင်၊ (၄)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။ ဖုန်း - ၆၆၆၁၄၁၊ ၆၆၆၁၂၆ စသည်တို့၌လည်း ပြုလုပ်နိုင်သည်။ မချိုချိုဖေ့ဘွတ်မှ ကူးယူပါသည်