wwww

တအ၃အ၆

ပင်လယ်ရှာမတွေ့တဲ့ မြစ်များ



၁၉၉၃ ခုနှစ်အတွင်းတုန်းက ထိုင်းမြန်မာနယ်စပ်က ‘မာနယ်ပလော’မှာ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) အတွက် အသံလွှင့်သမားသင်တန်း လုပ်ပါတယ်။ ဒါဟာ ဒီမိုကရက်တစ်မြန်မာအသံသမိုင်းမှာ ပထမ ဆုံးပြုလုပ်တဲ့ အသံလွှင့်သမား သင်တန်းပါပဲ။

သင်တန်းနည်းပြဆရာက နော်ဝေးလူမျိုး ဆရာ ‘ယန်း အီးဂဲဘတ်ခ’် ပါ။ သင်တန်းပြီးတဲ့အခါ သင်တန်းဆရာက သူစိတ်ဝင်စားတဲ့ သင်တန်းသားတချို့လို့ထင်ရတဲ့သူတွေကို တစ်ဦးချင်းစီခေါ်ပြီး စကားပြောပါတယ်။ တချို့ကို ဘာမှာချင်သလဲဆိုတဲ့ မေးခွန်းမေးတယ်လို့ သိရပါတယ်။ အမေးခံရတဲ့ တခြားသင်တန်းသားတွေ ဘယ်လို ဖြေကြသလဲလို့တော့ ကျနော် မသိပါဘူး။ ကျနော်ကတော့ ကျနော်စိတ်ဝင်စားတဲ့ ကဗျာ စာအုပ် တချို့လိုချင်တဲ့အကြောင်း ပြောလိုက်မိတယ်။ သူ ပြန်သွားပြီး တစ်လလောက်ရှိတဲ့အခါ  ကျနော့်ဆီကို ချင်းမိုင်လူကြုံကတဆင့် စာအုပ်ထုပ်တစ်ထုပ် ရောက်လာပါတယ်။ ဖြေကြည့်လိုက်တော့ ကဗျာစာအုပ်(၅)အုပ် ပါလာတာ တွေ့ရပါတယ်။ ဆရာ ယန်း အီးဂဲဘတ်ခ်က ပို့ပေးလိုက်တဲ့ စာအုပ်တွေပါပဲ။ ဒီစာအုပ်တွေထဲမှာ ဂျာမာန်ကဗျာဆရာ ဂန်တာဂရပ်စ် ရဲ့ လက်ရွေးစင်ကဗျာစာအုပ်တစ်အုပ် ပါလာပါတယ်။ ဒီတုန်းက အဲဒီကဗျာစာအုပ် နိဒါန်းထဲမှာ ဂန်တာဂရပ်စ် ငယ်စဉ်က ဟစ်တလာရဲ့ လူငယ့်လက်ရုံးတပ်ထဲ ပါဝင်ခဲ့တယ်ဆိုတာတွေ့ပြီး ဆက်ဖတ်ဖို့ရာ နည်းနည်းတော့ လက်တွန့်နေခဲ့မိတယ်။

အဲဒီနှစ်ထဲမှာပဲ ဂျာမာန်အမျိုးသမီးနှစ်ယောက် မာနယ်ပလောကို လာလည်ပါတယ်။ တစ်ဦးက တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး ကျန်တစ်ယောက်က အဖေါ်အဖြစ် လိုက်လာတဲ့ သူ့မိခင်ပါပဲ။ သူတို့နှစ်ဦးက မာနယ်ပလောမှာရှိတဲ့ ကဗျာရေးသူတွေ ကဗျာချစ်သူတွေနဲ့ တွေ့ဆုံစကားပြောချင်တယ်ဆိုလို့ တနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဌါနချုပ်ရုံး စည်းဝေးခန်းမဆောင်မှာပဲ  သူတို့သားအမိနဲ့  စကားပြောကြပါတယ်။ ဒီတုန်းက ဦးဝင်းခက်(ရှုဒေါင့်)က စကားပြန်လုပ်ပေးပါတယ်။ စကားဝိုင်းပြီးကာနီးတော့ ကျနော်က နှုတ်ဆက်စကားပြောရင်း လက်ရှိ ဂျာမဏီနိုင်ငံမှာ ဘယ်ကဗျာဆရာဟာ နာမည်အကြီးဆုံးလဲဆိုတဲ့မေးခွန်းကို မေးပါတယ်။ ပထမတော့ သူတို့သားအမိ ဂျာမာန်လို အပြန်အလှန် ညှိနှိုင်းတိုင်ပင်နေကြရပါသေးတယ်။ ပြီးတော့မှ နှစ်ဦးစလုံး သဘောတူညီချက် ရသွားကြဟန်နဲ့ ဂန်တာဂရပ်စ် ပါလို့ ဖြေကြပါတယ်။ ( အဲဒီနှစ်တုန်းက ဂန်တာဂရပ်စ်က စာပေနိုဗယ်လ်ဆု မရသေးပါဘူး) ဒီအချိန်မှာ ကံအားလျော်စွာပဲ ကျနော့်လက်ထဲ ဂန်တာဂရပ်စ်ရဲ့ အဲဒီ လက်ရွေးစင်ကဗျာစာအုပ်က ရှိနေတယ်လေ။ ဒါနဲ့ပဲ ကျနော့်အခန်းကလေးထဲက အဲဒီစာအုပ်သွားယူပြီး သူတို့သားအမိကို ထုတ်ပြတော့ ဂျာမာန်သူ သားအမိနှစ်ယောက် တအံ့တသြနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်သွားကြပါတယ်။
အဲဒီ ဂျာမာန်သူ သားအမိနှစ်ယောက်နဲ့ တွေ့ဆုံပြီး နောက်ပိုင်းကျမှပဲ ဂန်တာဂရပ်စ်ရဲ့ကဗျာတွေကို ကျနော် ကြိုးစားပမ်းစား ဖတ်မိလာတော့တာပါ။ ဖတ်ကြည့်လိုက်တော့လည်း သူ့ကဗျာတွေက ကျနော့်ကို လွှမ်းမိုးသွားးတယ်ဆိုရပါမယ်။

၁၉၉၅ ခု နှစ်ဦးပိုင်းမှာ ဥရောပမဲဇာကို ကျနော် ခရီးထွက်ရပါတယ်။ နော်ဝေးနိုင်ငံ အော်စလိုမြို့မှာရှိတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံမှာ အသံလွှင့်သမားအဖြစ် တာဝန်ထမ်းဆောင်ဖို့ သွားခဲ့ရတာပါ။ တနေ့ သတင်းစာတစ်စေါင်ကို ကောက်ဖတ်တော့ ဂျာမာန်ကဗျာဆရာကျော် ဂန်တာဂရပ်စ် နော်ဝေကို အလည်လာတဲ့အကြောင်း ရေးထားတဲ့သတင်းကို ဖတ်ရပါတယ်။ အော်စလိုမြို့ ဆပ်စ်(S.A.S) ဟော်တယ်မှာ ၄ ရက်တိတိ တည်းခိုပြီး နော်ဝေစာရေးဆရာ ကဗျာဆရာတွေနဲ့ တွေ့ဆုံစကားပြောတယ်ဆိုတဲ့သတင်းကို ကျနော် ဖတ်ရပါတယ်။ သတင်းစာနေ့စွဲကို ကမန်းကတန်းကြည့်တော့ ဂန်တာဂရပ်စ်တစ်ယောက် နော်ဝေကပြန်သွားတာ ၂ ရက်ရှိနေပြီလေ။ အခြေအနေမပေးတော့မှပဲ ကဗျာဆရာ ဂန်တာဂရပ်စ်နဲ့ လူချင်းတွေ့လိုက်ချင်တဲ့စိတ်က ငယ်ထိပ်အထိ တက်လာရတယ်ဆိုပါတော့။ သူနဲ့ လူချင်းတွေ့ပြီး စကားပြောကြည့်ချင်ပါတယ်။ ကိုယ့်ကိုကိုယ်ပိုပြီး ခံပြင်းစရာကောင်းတဲ့အဖြစ်က အဲဒီ S.A.S ဟော်တယ်မှာ ဂန်တာဂရပ်စ် တည်းခိုနေတဲ့အချိန် နော်ဝေစာရေးဆရာတွေ ကဗျာဆရာတွေနဲ့ စကားထိုင်ပြောနေတဲ့ တချိန်တည်းမှာ ကျနော်က သူတည်းခိုတဲ့ ဟော်တယ်ကြီးရှေ့ကဖြတ်ပြီး ဘုရင့်ပန်းခြံထဲက ထိုင်ခုံတစ်ခုမှာ နေ့စဉ်နေ့တိုင်းသွားထိုင်ပြီး သူ့ရဲ့ လက်ရွေးစင်ကဗျာစာအုပ်ကို သဲကြီးမဲကြီး ဖတ်ကြည့်နေတဲ့အချိန် ဖြစ်နေလို့ပါပဲ။ ပြီးတော့ ကျနော် အလုပ်လုပ်တဲ့ DVB ရုံးနဲ့ သူတည်းခိုတဲ့ အဲဒီ ဟော်တယ်ကြီးနဲ့က ကိုက် ၂၀၀ ကျော်ကျော်လောက်ပဲ ဝေးမလားပဲ။ ဒီတော့ ဂန်တာဂရပ်စ်နဲ့ လွဲခဲ့ရပုံက ကျနော့်အတွက် တကယ့်ကို လွမ်းစရာ ကောင်းမနေပေဘူးလား။

(ခ)
ဂန်တာဂရပ်စ်က ဂျာမဏီနိုင်ငံသားဆိုပေမယ့် မွေးတော့ ပိုလန်မြေပေါ်က ဒန်းဇစ်မြို့မှာပါ။ ၁၉၂၇…။ အဲဒီတုန်းက ပိုလန်ကို ဂျာမာန်တွေ သိမ်းထားတဲ့အချိန်၊ ဖခင်က အိမ်ဆိုင်ကလေးတည်ထားတဲ့ အရာရှိငယ်ဝန်ထမ်းတစ်ဦး။ မိခင်က ဆလပ်ဗီးယားမျိုးနွယ်။ အရွယ်ရောက်စအချိန်မှာ ဟစ်တာလာရဲ့ လူငယ့်လက်ရုံးတပ်ထဲ(ဒီတုန်းက ဂျာမာန်လူငယ်အများစုကြီးနည်းတူ) ဝင်လိုက်ရတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးကာနီးတော့ တိုက်ပွဲမှာ ဒဏ်ရာရ။ အမေရိကန်စစ်တပ်ရဲ့ သုံ့ပမ်းဖြစ်။ စစ်ကြီးပြီးတော့ ပြင်သစ်မှာ ခဏသွားနေတယ်။ အီတလီကိုလည်း သွားတယ်။ ၁၉၅၆ ခုနှစ်ကျတော့ သူက နိုင်ငံရေးပါတီတစ်ခုနဲ့ ပါဝင်ပတ်သက်လာတယ်။ အနောက်ဘာလင်က ဆိုရှယ်ဒီမိုကရက်တစ်ပါတီအတွက် မဲဆွယ်စည်းရုံး လှုံ့ဆော်သူအဖြစ် တက်တက်ကြွကြွ အလုပ်လုပ်တယ်။ သူလုပ်ခဲ့တဲ့ တခြားအလုပ်တွေကလည်း အစုံပါပဲ။ စာပြင်ဆရာ၊ ပြဇာတ်ရေးဆရာ၊ ပန်းပုဆရာ၊ ဇာတ်ခုံ ဆက်တင်ဆရာ၊ ပြီးတော့ သတင်းစာဆရာ၊ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက နောက်ပိုင်းမှာ သူဟာ ကမ္ဘာကျော်စာရေးဆရာ ဟာမန်ဟက်စ်နဲ့တွဲမိလာတဲ့ကိစ္စပါ။ ပြီးတော့ သူလည်း စစ်ဆန့်ကျင်ရေးသမား၊ ငြိမ်းချမ်းရေး သမားဖြစ်လာရတယ်။ ဒီလိုနဲ့ခေတ်ပြိုင် ဂျာမာန်စာပေလောကမှာ ဂန်တာဂရပ်စ်ခေတ်ဆိုတာမျိုးအထိ ဂန်တာဂရပ်စ်လမ်းကြောင်းဆိုတာမျိုးအထိ ပြောယူရလောက်အောင် ထိရောက်လမ်းပေါက်ခဲ့တယ်ဆိုပါတော့။

(ဂ)
ငါတို့
တနေ့မှာ
ဥထဲမှ
လွတ်မြောက်လျင် လွတ်မြောက်ချင်း
ငါတို့ကို သားဖေါက်နေသူ
ဘယ်သူ့ရဲ့ ရုပ်ပုံကားချပ်ကိုမဆို
ငါတို့ ရေးဆွဲအံ့။

ဒါကတော့ ဂန်တာဂရပ်စ် ရဲ့ ‘ဥတွေထဲမှာ’’ ကဗျာထဲက အပိုဒ်တစ်ပိုဒ်ပါ။ လူတွေ နေကြထိုင်ကြရတဲ့ အခြေအနေကို သူခံစားရသလို ရေးလိုက်တာပါ။ ဓါတ်ခွဲခန်းထဲမှာ ဓါတ်ခွဲစမ်းသပ်ခံရတဲ့သူတွေလို သားဖေါက်ခံရတဲ့ သူတွေလို နေထိုင်ကြီးပြင်းကြရတာကို နာကျည်းခံပြင်းစိတ်နဲ့ ရေးဖွဲ့ထားတာပါ။

အိမ်အပြန် နောက်ကျခဲ့
ငါ့သော့နဲ့ အိမ်တံခါးကို ဖွင့်ခဲ့
တချိန်ထဲမှာ ငါလိုအပ်နေတဲ့
သော့တစ်ချောင်း
ငါ့အိမ်ထဲကို ဝင်ဖို့
ငါ့သော့ကလေးကို အမဲလိုက်သလို
ရှာဖွေခဲ့ရတာ
သတိပြုမိခဲ့။

ဒီကဗျာကတော့ ‘မာန်နတ်’ လို့ အမည်ပေးထားတဲ့ ကဗျာထဲက အပိုဒ်တစ်ပိုဒ်ပါ။ ဒီအထဲမှာ အိမ်ဆိုတာက လူတွေရဲ့ ပန်းတိုင်သဘောကို ပြောတာလို့ ယူဆရပါတယ်။ အဓိက ရည်မှန်းချက်ပေါ့။ တခါ အိမ်ထဲဝင်ဖို့ သော့ ဆိုတာ နည်းလမ်းပေါ့လေ။ အဲဒီသော့ အဲဒီနည်းလမ်းကို ကျနော်တို့ ဘယ်လို တွေ့အောင် ရအောင် ရှာကြမလည်း။

ပြီးတော့
ရှေ့ကိုကုန်းခဲ့
ရှူးဖိနပ်တစ်စုံကို ချွတ်ခဲ့
တချိန်တည်းမှာပဲ
ငါတို့ဟာ ရှူးဖိနပ်တွေကို
ချွတ်ချင်တယ်ဆိုရင်
ရှေ့ကို ကုန်းကြရတယ်ဆိုတာ
သတိပြုမိခဲ့။

ဒါလည်း မာန်နတ် ကဗျာထဲက တစ်ပိုဒ်ပါပဲ။ လူတွေ ကိုယ်လုပ်နေတဲ့အလုပ် ဘာ့ကြောင့်လုပ်နေကြရတယ်ဆိုတာ မသိဘူး။ ဒါကိုလုပ်ရင် ဘာဖြစ်မယ်ဆိုတာ မသိဘူး။ ဒီကဗျာပိုဒ်ကြတော့ လူတွေရဲ့ အဖြစ်က သနားစရာလည်းကောင်း ရယ်စရာလည်းကောင်းဆိုတာမျိုး။ ပုထုဇနော ဥမ္မတကော သဘောမျိုး။

သူ့ကဗျာတွေထဲမှာ လူတွေ သွားလို့သွားမှန်းမသိ၊ စားလို့စားမှန်းမသိ။ တစုံတခုက တစုံတယောက်က လူတွေရဲ့ကံကြမ္မာကို ဖန်တီးစီရင်နေသလိုမျိုးဆန်ဆန်။ ဒီနေရာမှာ သူဆိုလိုချင်တာက လူတွေ We generation လား Me generation လား၊ မခွဲခြားနိုင်တဲ့သဘော။ ကတ္တားနဲ့ကံ ပြောင်းပြန်မြင်နေတတ်တဲ့သဘော တော်တော်ပြောချင်ပုံ ရပါတယ်။ ဒါလည်း ငယ်စဉ်က သူကိုယ်တိုင် ဟစ်တလာရဲ့ လူငယ်လက်ရုံးတပ်ထဲ ရောက်ခဲ့သေးတာပဲမဟုတ်လား။ ဒါပေမယ့် သူ့ကဗျာတွေထဲမှာ အားမာန်ရှိပါတယ်။ ရုန်းကန်ထကြွချင်တဲ့စိတ် ရှိတယ်။ လက်မခံငြင်းဆန်ချင်တဲ့သဘော ရှိတယ်။ လူတွေအပေါ် ဖိအား တွန်းအား ဆွဲအား ဖျက်အားတွေလုပ်နေကြတဲ့ လူ စံနစ် ခေတ် ရုပ်ဝတ္ထုတွေနဲ့ အတွေးအခေါ်တွေအပေါ် မကြိုက်နှစ်သက်တဲ့အကြောင်း စိတ်နာကြောင်း သိသိသာသာ တွေ့ရပါတယ်။ ဥပမာ ဥတွေထဲမှာ ကဗျားမျိုး။ ဒီတော့ Active Romantic ဖက်ကို သူ ယိမ်းတယ်လို့ ယူဆရပါလိမ့်မယ်။

ညအခါ
မာရ်နတ်ရောက်လာပြီး
သူ့လက်တွေကို ဆန့်ထုတ်လိုက်တယ်
ငါ့ရဲ့ အရိုးပြာတွေနဲ့ သူ့သွားတွေကို
တိုက်ချွတ်တယ်။
ငါတို့
သူ့အာခံတွင်းထဲ
တွားတက်ပြီး ဝင်ကြရလိမ့်။

ဒါလည်း မာရ်နတ် ကဗျာထဲက နောက်ဆုံးကဗျာပိုဒ်ပါ။ ဒီကဗျာပိုဒ်ကို ဖတ်တော့ ဗုဒရဲ့ ဒုက္ခသံသရာဆိုတာကို ဆင်ခြင်မိတယ်။ တော်လ်စတွိုင်းရဲ့ ရေတွင်းထဲလိမ့်ကျတဲ့လူတစ်ယောက် သစ်မြစ်တစ်ခုဆွဲထားရင်းက ပျားရည်တစ်စက်အရသာခံတဲ့ပုံပြင်ကို သတိရစေတယ်။ ဒီလိုအယူအဆ အခြေခံကြောင့်ပဲထင်ပါရဲ့ ဂန်တာဂရပ်စ်ဟာ နောက်ပိုင်းမှာ ဟာမန်ဟက်စ်နဲ့ တွဲမိသွားတယ်လေ။ ဒါနဲ့ သူလည်း စစ်ဆန့်ကျင်ရေးသမား ငြိမ်းချမ်းရေးဝါဒီ ဖြစ်လာခဲ့ရတယ်။

(ဃ)
ဂန်တာဂရပ်စ် ရဲ့ ကဗျာတွေကို နောင်အလျဉ်းသင့်တဲ့အခါ ထပ်ပြီး တင်ပြချင်ပါသေးတယ်။ ဒီမှာတော့ ဒီလောက်နဲ့ပဲ ရပ်နားပါရစေ။
သူ့ကဗျာတွေကို ကျနော်စွဲလန်းခဲ့တာ ရှေ့မှာ ပြောခဲ့ ဝန်ခံခဲ့ပါတယ်။ ဘယ်လောက်အထိ စွဲသလဲဆိုရင် ကျနော်ကိုယ်တိုင် သူ့အယူအဆမျိုးဆန်ဆန် ကဗျာတစ်ပုဒ် ရေးမိတဲ့အထိပါပဲ။ ဒါကလည်း လတ်တလော ကျနော့်ဘဝဓါတ်ခံနဲ့ သူ့ကဗျာတွေပေါင်းမြိ့ပီးမှ ဖြစ်ပေါ်လာတဲ့ ရူးသွပ်မှုဖြစ်ကောင်း ဖြစ်မှာပါ။ ကျနော့်ရဲ့ ‘ကဗျာဆရာနှင့် သူ၏ ရသလွန်ဟင်းခွက်များ’ ကဗျာထဲမှာ အခုလို ထည့်ရေးမိတဲ့အဖြစ်မျိုးအထိ ရှိခဲ့ပါတယ်။

အချစ်ရေ
ကိုယ်ဟာ
ပင်လယ် ရှာမတွေ့တဲ့မြစ်တစ်စင်းလား
ခဏတဖြုတ် အိပ်ပျော်ခဲ့မိတာ
လှေကားထစ်ပေါ်မှာလား....။

စာဖတ်သူများ ပင်လယ်ရှာတွေ့တဲ့ မြစ်တစ်စင်း ဖြစ်နိုင်ကြပါစေ။ လှေကားထစ်ဆုံးအောင် တက်သွားနိုင်ကြပါစေ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)